Friday, 18 February 2011

သိုက်ပျောက်ငှက်

သိုက်ပျောက်ငှက်


သူတို့တွေ အိပ်တန်းပြန်ကြပြီ.......
...
...
မနက်ဆို အရုဏ်တက်
အလင်းစက်ကို သောက်
လောကကို တောက်ပစေတဲ့အရာ
နေသာသတဲ့လား...?
...
ကျွတ်ကျွတ်ညံ အသံပေးလို့
ဝမ်းရေးအတွက် လှုံ့ဆော်
လာကြဟေ့ ဘောဒါတို့
ငါတို့တွေ အစာရှာထွက်မယ်...
...


 ညောင်သီးကိုစားရင်း လေးသံကိုစွင့်
ခဲမှန်တာကို ကျင့်သားရလို့
ထုသားပေသားကျသူ
နွေနေပြင်းက ပူလိုက်တာ...
...
ဟိုမှာ လေနီကြမ်း ဟိုမှာ လက်သရမ်းသူ
ဟိုမှာ ဇာတ်တူရာစား ဟိုမှာ မုဆိုးများ
အားနည်းသူအတွက် လုံခြုံရာ
ဘယ်ဌာနမှာ ရှာမတွေ့ဘူး...
...
ဘာအတွက်လဲ ဘာ့ကြောင့်လဲ
ဘယ်သူတွေစီရင်ပြီး ဘယ်သူတွေပြစ်ဒဏ်ခတ်ခဲ့တာလဲ
အသိုက်ထဲက ထွက်ခဲ့တဲ့ ကျနော်
ခိုနားရာကို မျှော်တတ်လာပြီ...
...
မျက်စိလည် အတောင်ညောင်း
တောင်စောင်းမှာ နေကွယ်
အိပ်တန်းကို ပြန်မယ်ကြံကာမှ
ငါ့အသိုက်ကို ဘယ်သူက နေရာရွေ့ထားသလဲ...
...
နီးရက်နဲ့ဝေး ခရီးဆက်မယ့်အရေးမှာ
ရွှေပြည်တော်လည်း မျှော်တိုင်းဝေး
တောမြိုင်ထဲမှာ ကျားရဲဘေးကြောင့်
ထွက်ပေါက်ကို ဘယ်လိုရှာရမလဲ...
...

ပစ္စုပ္ပန်ဆိုတာမသိ အနာဂါတ်ဆိုတာမရှိ
မှီခိုရာကင်းသည့် ဘဝမှာ
ဦးတည်ရာမဲ့ ပျံသန်းရင်း
ပန်းတိုင်မရှိတဲ့ ခရီးက ကြမ်းတယ်...
...
အမေရယ်...ဘယ်မှာလဲ
အဖေရယ်...ဘယ်မှာလဲ
ပြည်တော်ပြန် ကံနည်းတဲ့ကျုပ်
ညနေဆို မိုးချုပ်မှာ ကြောက်တတ်လာခဲ့...
...
ဒီအချိန်ဆို မိသားစုနဲ့
သူတို့တွေ ပျော်နေလောက်ပြီ
ခိုနားရာ ရှားတဲ့ဘဝ
ပူတယ်အေးတယ် ရွေးမရလို့
သက်စောင့်အနွေးဓါတ်နဲ့ အန်တု
ဒုက္ခကို အဖော်ပြုရင်း
ခဏလောက် မှေးစက်ဖို့ ခွင့်ပြုကြပါ...
...
သူတို့တွေ အိပ်တန်းပြန်ကုန်ကြပြီ...
...
ကျနော်လည်း အိပ်ငိုက်လာပြီ အမေ...။ ။
.........
...
.


မိဝေးဖဝေး ချစ်သူဝေးမှာ အသိုက်ပျောက်နေကြရှာသော ငှက်ငယ်လေးများအားလုံး၏ကိုယ်စား...

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews