Sunday, 20 March 2011

အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်းမှာ မုန်တိုင်းကျတဲ့ နေ့တစ်နေ့

အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်းမှာ မုန်တိုင်းကျတဲ့ နေ့တစ်နေ့
အောင်ဒင်
မတ် ၂၀၊ ၂၀၁၁
လေပြင်းတွေတိုက်တယ်
သစ်ပင်ကြီးတွေ ပြိုလဲတယ်
လျှပ်စစ်မီးတွေ ပြတ်တယ်
ဘဝ တခုလုံး မှောင်မဲသွားတော့တယ်။
အဲဒီလို ဆိုမိတော့
ပိုတယ် ထင်ကြမယ်
ပြန်ငဲ့ကြည့်တော့
စစ်ဆိုင်ကလုံး နဲ့ သဘာဝဆိုင်ကလုံး
မုန်တိုင်း နှစ်ခုဒါဏ် တပြိုင်ထဲ ခံစားနေရတဲ့
မြန်မာပြည်သူတွေရဲ့ နာကြည်းဖွယ်ဘဝတွေ
ဂျပန်ပြည်သူတွေရဲ့ ကြေကွဲဖွယ်အနိဋ္ဌာရုံတွေ
လစ်ဗျားပြည်သူတွေရဲ့ အံကြိတ်တက်ခေါက်သံတွေ ။
ဟုတ်ပါရဲ့၊ ကျနော် ပိုမိပါတယ်
ကြောက်လို့ ထွက်ပြေးလာတဲ့ လူတယောက်
ကြောက်တတ်ဖို့ အဆင်သင့်ဖြစ်နေတာ ခွင့်လွှတ်ကြပါ
အထူးသဖြင့်
အသက် ၄၈ နှစ်ပြည့်တဲ့နေ့မှာမှ
မုန်တိုင်းကျ၊ မိုးတွေရွာ၊ မီးတွေပြတ်
အမှောင်ထုထဲမှာ မိတ်ဆွေငတ် နေရသူမို့ပါ။

ဪ…မွေးနေ့ဆိုတာ
မရောက်ခင်မှာ နည်းနည်းလောက် ရင်ခုန်လှုပ်ရှား
ရောက်တော့လဲ ၂၄ နာရီကြာ တစုံတရာအဓိပ္ပာယ် ရှိနေသလိုလို
ပြီးတော့လဲ အမှတ်တမဲ့ ကုန်ဆုံးသွားခဲ့
၄၉ ကြိမ်ရှိခဲ့ပါပြီ။

ကြောက်စရာတွေ ပြည့်နှက်နေတဲ့ ဘဝထဲက ကျနော့် မေမေ
ဒီနေ့တနေ့လုံး
ဘုရားစင်ရှေ့မှာ ဝတ်ပြုပြီး
ကြောက်တတ်တဲ့ သူ့သားကြီး အန္တရယ်ကင်းအောင်
ဆုတောင်းပေးနေလိမ့်မယ်
ကျေးဇူးပါ မေမေ ။

(မတ်လ ၈ရက်နေ့၊ မိမိ၏ ၄၈ နှစ်ပြည့်မွေးနေ့အမှတ်တရ၊)
(ပန်းပု၊ Rebellion၊ Woodcarving by ထိန်လင်း၊http://www.hteinlin.com/10.html?frm_data1=15&frm_data1_type=large)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews